10 April, 2008

“ဥပုသ်” ဆိုသည်မှာ...

ဥပုသ်ဆိုတာ ဥပေါသထဆိုတဲ့ ပါဠိမှ ဆင်းသက်လာတာပါ။ (ဥပ + ၀သထ) ဥပ = ကောင်းမြတ်တဲ့ အကျင့်များနှင့် ပြည့်စုံ၍ ၀သထ = နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာ နေထိုင်ခြင်းကို ဥပုသ်ဟု ခေါ်သည်။
သူ့အသက်မသတ်ခြင်း၊ ညစာမစားခြင်း စတဲ့ ရှစ်ပါးသီလကို ခံယူဆောက်တည်ပြီး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စတဲ့ ဂုဏ်တော်များကို အာရုံပြု၍ အကုသိုလ်စိတ်တွေ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်း နေထိုင်တာကို “ဥပုသ်စောင့်တယ်” ဟု ခေါ်ပါသည်။
ဥပုသ်စောင့်ပြီး ဘုရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ အာရုံပြုကြည်ညိုခြင်းကို “ဗြဟ္မဥပုသ်” ဟုခေါ်သည်။ တရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ အာရုံပြု ကြည်ညိုနေရင် “ဓမ္မဥပုသ်” ဟု ခေါ်ပါသည်။ သံဃာဂုဏ်တော်တွေကို ရွတ်ဖတ်ပွားများ အာရုံပြု ကြည်ညိုခြင်းကို “သံဃာ့ဥပုသ်” ဟု ခေါ်ပါသည်။
မိမိသီလစင်ကြယ်ပုံကို ပြန်လည် ဆင်ခြင်ပြီး မိမိသီလကို ၀မ်းမြောက်ဝမ်းသာ ဖြစ်ကာ နေထိုင်ခြင်းကို “သီလဥပုသ်” ဟု ခေါ်ပါသည်။ မိမိနှင့် နတ်ပြည်ခြောက်ထပ်ရှိ နတ်တို့ သဒ္ဓါသီလ စတဲ့ သူတောင်းကောင်းတရားများ တူညီပုံကို ဆင်ခြင်ပြီး မိမိကိုယ်ကို ၀မ်းမြောက်ဝမ်းသာ နေထိုင်ပုံကို “ဒေသတာဥပုသ်” ဟု ခေါ်ပါသည်။
နွားကျောင်းသားဟာ ယနေ့ ငါ့နွားတွေ ဘယ်စားကျက်မှာ စားတယ်။ မနက်ဖြန် ဘယ်စားကျက်မှာ စားစေမယ် စသကဲ့သို့ တွေးပြီး ငါဥပုသ်စောင့်တဲ့အခါ ဘယ်လို ဟင်းကောင်း ထမင်းကောင်းတွေကို စားမယ် ဆိုသည်ကို တွေးပြီး စောင့်သည့် ဥပုသ်ကို “ဂေါပါလ - နွားကျောင်းသား ဥပုသ်” ဟု ခေါ်ပါသည်။

0 ဦး၏ ထင်မြင်ချက်: